ဗာရန်းနဲ့တွဲကစားမယ့် ယူနိုက်တက်ရဲ့ ပစ်မှတ်အသစ် ပေါင်သန်း ၆၀ တန် ခံစစ်မှူး

မန်ယူအသင်းသည် ချဲလ်ဆီးအသင်းက ပစ်မှတ်ထားနေသော ဆီဗီလာအသင်းခံစစ်မှူး ကွန်ဒီကို ပေါင် ၆၈ သန်းပေး၍ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဆန်းသတင်းစာက ဖော်ပြသည်။ မန်ယူသည် ကွန်ဒီနှင့် ပြင်သစ်လက်ရွေးစင်အသင်း ကစားဖော်ဖြစ်သော ဗာရန်းကို ပြီးခဲ့သည့်နွေရာသီက ရီးရဲမှ အရခေါ်ခဲ့သည်။

သို့ရာတွင် ဗာရန်းသည် ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသလို မန်ယူသည် ခြေစွမ်း မတည်မငြိမ်ဖြစ်ကာ မဟာပြိုင်ဘက် လီဗာပူးနှင့် မန်စီးတီးကဲ့သို့ အသင်းများကို ရှုံးနိမ့်ခဲ့ရသည်။

ယခုအခါ ခံစစ်ပေါက်နေသည့် ပြဿနာကို ဖြေရှင်းရန်အတွက် ကွန်ဒီကိုခေါ်ယူရန် အပြင်းအထန် ကြိုးစားနေပြီး အသင်း၏ အမာခံ ခံစစ်မှူးကို ဘောလုံးရာသီ၏အလယ် ဇန်နဝါရီ အပြောင်းအရွှေ့ကာလ၌ ဆုံးရှုံးရမည့်အရေးအား ဆီဗီလာက တွေးပူနေပြီဖြစ်ကြောင်း စပိန်မီဒီယာ အေအက်စ်က ဖော်ပြသည်။

ဆီဗီလာသည် လာလီဂါဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည့် ဆိုစီဒက်နှင့် ၁ မှတ်အကွာ ဒုတိယနေရာ၌ လာလီဂါပွဲစဉ် ၁၂ ပွဲကစားပြီးသည့် လက်ရှိအချိန်၌ ရပ်တည်နေပြီး လိုပက်တီဂူ၏အသင်းသည် လာလီဂါအသင်းများအနက် အကောင်းဆုံးခံစစ်စံချိန်ကို ရရှိထားသည်။

ယခုအချိန်ထိ ဂိုးမပေးရသည့်ပွဲ ၆ ပွဲ ကစားထားနိုင်သည့် ဆီဗီလာအသင်း၏ ခံစစ်တွင် လာမည့်တစ်ပတ်၌ အသက် ၂၃ နှစ်ပြည့်မည့် ကွန်ဒီက အဓိက ကစားသမား ဖြစ်နေသည်။

ကွန်ဒီသည် ပြီးခဲ့သည့်နွေရာသီတွင် ချဲလ်ဆီးသို့ပြောင်းရွှေ့ရေး ပျက်ပြယ်ခဲ့သဖြင့် ဆီဗီလာအသင်း တာဝန်ရှိသူများကို မကျေမနပ် ဖြစ်နေသော်လည်း ၎င်း၏ အကောင်းဆုံး ခြေစွမ်းကိုမူ ယခုနှစ် ရာသီအစ၌ ပြသနေနိုင်သည်။

ကွန်ဒီ၏တန်ကြေးကို ပေါင်သန်း ၆၀ ကျော် သတ်မှတ်ထားပြီး ချဲလ်ဆီးက ပေါင် ၄၂.၅ သန်းသာ ပေးခဲ့သဖြင့် အပြောင်းအရွှေ့ အကောင်အထည် မပေါ်ခဲ့ခြင်းဖြစ်သည်။ ကွန်ဒီ၏ စာချုပ်ဖျက်သိမ်းကြေးမှာ ပေါင် ၆၈ သန်းဖြစ်ပြီး ဆီဗီလာက ထိုမျှပမာဏ ရရှိမှသာလျှင် ကွန်ဒီအား အသင်းပြောင်းရွှေ့ခွင့် ပေးမည်ဖြစ်သည်။

ယခုအခါ မန်ယူသည် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၈ သန်းပေး၍ လာလီဂါရာသီတစ်ဝက်တွင် ၎င်းတို့၏ အဓိကခံစစ်မှူးအား ခေါ်ယူသွားမည်ကို ဆီဗီလာက စိုးရိမ်နေခြင်းဖြစ်သည်။ ချဲလ်ဆီးအသင်းသည်လည်း မန်ယူနှင့်အပြိုင် ကွန်ဒီကိုခေါ်ယူရေး ကြိုးပမ်းလာနိုင်သည်။

ချဲလ်ဆီး၏ အဓိကခံစစ်မှူးများ ဖြစ်ကြသော သီယာဂိုဆေးဗား၊ ရူဒီဂါနှင့် ခရစ္စတန်ဆန်တို့သည် ရာသီအကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သောကြောင့် ချဲလ်ဆီးကလည်း ခံစစ်ကို အားဖြည့်ရန် လိုအပ်နေသည်။