“ နှစ်ပေါင်း (၃၀) ကျော်အတွင်း တစ်ခါမှ ခွင့်မယူခဲ့သည့် ဆရာမ (၅)ဦး ငွေ (၅) သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခံရ” ”

Loading...

“နှစ်ပေါင်း (၃၀) ကျော် ခွင့်မယူသည့် ခွင့်ရက်မပျက်ဆုရ ဆရာမများအား ဆုချီးမြှင့်”

မြန်မိာနိုင်ငံပညာရေးလောကတွင် ၁၀ နှစ်အထက် ခွင့်ရက်မပျက်ဘဲ သင်ကြားရေးတာဝန်များကို ထမ်းဆောင်နေသည့် ဆရာ ဆရာမများစွာရှိနေပြီး နှစ်ပေါင်း ၃၀ ကျော် ခွင့်ရက်မပျက်ခဲ့သူ ရန်ကုန် တိုင်းဒေသကြီးမှ အလယ်တန်းပြဆရာမ ငါးဦးအား ပညာရေးဝန်ကြီးဌာနက မှတ်တမ်းတင်ဂုဏ်ပြုလွှာ နှင့် ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ ‌

နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၅ ရက်က ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား၌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆရာမတစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀၀ စီနှင့် ဂုဏ်ပြုလွှာများပေးအပ်ခဲ့ခြင်းဖြစ်သည်။

Loading...

ပညာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အထက (၁) ကမာရွတ်မှ ဆရာမဒေါ်စောနန်းမိုမို (ခွင့်ရက်မပျက် ၃၅ နှစ်)၊ အမက(၁၇) မြောက်ဥက္ကလာ ပမှ ဆရာမဒေါ်ခင်သန်းဌေး (ခွင့်ရက်မပျက် ၃၃ နှစ် )၊ အမက(၁၈)တာမွေမှ ဆရာမ ဒေါ်ဌေးဌေးကြည် (ခွင့်ရက်မပျက် ၃၃ နှစ်)၊ အထက(၃) အင်းစိန်မှ ဆရာမဒေါ်စန်းစန်းမော် (ခွင့်ရက်မပျက်နှစ် ၃၀)၊ အမက (၁)လသာမှ ဆရာမ ဒေါ်ဝင်းမာ(ခွင့်ရက်မပျက်နှစ် ၃၀) တို့ဖြစ်ကြောင်း သိရသည်။

“ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်လုပ်ငန်းမှာမဆိုစေတနာထားပြီးတော့ တိုင်းပြည်တာဝန်ကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်လို ကျရာတာဝန်က ထမ်းဆောင်နိုင်ပါစေလို့ ဘဝတူ ဆရာ ဆရာမတွေကို ဆန္ဒပြုလိုပါတယ်” ဟု ၃၅ နှစ်တိုင် ခွင့်ရက်မပျက်ခဲ့သည့် ဆရာမဒေါ်စောနန်းမိုမိုက ပြောကြားသည်။

ပညာရေးဝန်ထမ်းများအတွက် ခွင့်ရက်မပျက်ဆု ကို ၂၀၁၇ ခုနှစ်မှသာ စတင်ချီးမြှင့်ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ဆရာမတစ်ဦးလုပ်ဆောင်ရမည့် ကျင့်ဝတ် ငါးသွယ်နှင့် တာဝန်များကို မွန်မြတ်သောစိတ်အရင်း ခံဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဆုရခြင်းဖြစ်သည်ဟုခံယူကြောင်း ခွင့်ရက်မပျက်ဆုရရှိသူ ဆရာမဒေါ်ခင်သန်းဌေးက ပြောကြားသည်။

ဇေယျတု(မကွေး)

Loading...