မော်ရင်ညိုရဲ့ လက်အောက်မှာ ဆာလား ဒီဘရိုင်းနား နဲ့ လူကာကူ တို့ ချဲလ်ဆီးကနေ ဘာကြောင့် ထွက်ခွာသွားခဲ့ကြသလဲ ဆိုတာ ရှင်းပြလိုက်တဲ့ နယူတန်

ချဲလ်ဆီး အသင်းရဲ့ loan technical coach ဖြစ်သူ အက်ဒီနယူတန်က မိုဟာမက်ဆာလား ၊ ကယ်ဗင်ဒီဘရိုင်းနား တို့ဟာ ဂျိုဆေးမော်ရင်ညို နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အမြင်မကြည်မှုတွေကြောင့် ချဲလ်ဆီး ကနေ ထွက်ခွာသွားခဲ့ကြတာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး ရိုမီလူလူကာကူ ကလည်း ပေါ်တူဂီ နည်းပြရဲ့ လက်အောက်မှာ စတန်းဖို့ဒ်ဘရစ်ချ် ကနေ ထွက်ခွာခဲ့တဲ့ အကြောင်းကိုလည်း ရှင်းပြသွားခဲ့ပါတယ်။

ဆာလား ဒီဘရိုင်းနား နဲ့ လူကာကူ တို့ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ထဲက ၃ ဦး အဖြစ် ရပ်တည်လျက် ရှိနေပေမယ့် အဆိုပါ ကစားသမား ၃ ဦးဟာ ယခုလို အမြင့်ဆုံး အဆင့်ကို ရောက်လာအောင် အထူး ကြိုးစားခဲ့ရကာ ချဲလ်ဆီးမှာ ရှိနေခဲ့တဲ့ ကစားသမား ဘ၀ အစောပိုင်းမှာတုန်းကတော့ ရုန်းကန်ခဲ့ရပါတယ်။

မော်ရင်ညိုဟာ ၂၀၁၃ ခုနှစ်မှာ ချဲလ်ဆီးကို ဒုတိယအကြိမ်မြောက် ပြန်လည် ရောက်ရှိလာခဲ့ကာ တတိယအကြိမ်မြောက် ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ၂၀၁၅ ခုနှစ်မှာ အသင်းရဲ့ ကစားသမားတွေနဲ့ ဆိုးရွားတဲ့ ဆက်ဆံရေးအပြင် ရလဒ်တွေလည်း ဆိုးခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ ရပါတယ်။

ဆာလား နဲ့ ဒီဘရိုင်းနား တို့ကို အငှားတွေ ထွက်ခွာစေခဲ့ပြီးနောက် အဆိုပါ ကာလအတွင်း ကလပ်ကနေ ထွက်ခွာခွင့် ပြုခဲ့ကာ နယူတန်က ဒါဟာ ကစားသမားတွေရဲ့ အရည်အသွေးကြောင့် မဟုတ်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

နယူတန်က “ဆာလား နဲ့ ဒီဘရိုင်းနား တို့ ချဲလ်ဆီး ကနေ ထွက်ခွာခဲ့ရတာဟာ အရည်အသွေးကြောင့် မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဂျိုဆေးမော်ရင်ညိုနဲ့ ဆက်ဆံရေး အဆင်မပြေခဲ့လို့ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဒီလို ကိစ္စတွေကြောင့် အလုပ် မဖြစ်ခဲ့ပါဘူး။ သူတို့ဟာ ချဲလ်ဆီး အတွက် လုံလောက်တဲ့ အရည်အသွေးတွေ ရှိထားပြီးသားပါ။ ဒါပေမယ့် သူတို့ဟာ eye-to-eye မဆက်ဆံတဲ့ မန်နေဂျာနဲ့ တွေ့ဆုံခဲ့တာကြောင့် ချဲလ်ဆီးမှာ အလုပ် ဖြစ်စရာ အကြောင်း မရှိခဲ့ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

လူကာကူ ကလည်း မော်ရင်ညို ချဲလ်ဆီး အသင်းမှာ ရှိနေစဉ် အငှား ထွက်ကစားနေရသူ ဖြစ်ပြီး ဘယ်ဂျီယံ တိုက်စစ်မှုးဟာ မန်ယူနိုက်တက်ကို မပြောင်းရွေ့မီ အဲဗာတန်မှာ နာမည်တစ်လုံး တည်ဆောက်နိုင် ခဲ့ပါတယ်။ ဒါပေမယ့် နယူတန်က လူကာကူဟာ ချဲလ်ဆီးရဲ့ တိုက်စစ်ကို ဦးဆောင်ရန် အဆင်သင့် မဖြစ်သေးတာကြောင့် သူ့ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောသွားပါတယ်။

နယူတန်က “လူကာကူ ကတော့ အဲဒီအချိန်က ချဲလ်ဆီး တိုက်စစ်ကို ဦးဆောင်ဖို့ အဆင်သင့် မဖြစ်ခဲ့လို့ပါ။ လူတွေ ဘာတွေပြောပြော ကျွန်တော် ဂရုမစိုက်ပါဘူး။ သူဟာ ဒီဒီယာဒရော့ဘာ လိုမျိုး ချဲလ်ဆီးရဲ့ အဓိက နံပါတ် ၉ ဖြစ်ဖို့ အတွက် အဆင်သင့် မဖြစ်ခဲ့ပါဘူး။ သူဟာ အမြဲတမ်း ဒီဒီယာနဲ့ နှိုင်းယှဉ်ခံနေရသူ ဖြစ်ပြီး အဲဒီအချိန်တုန်းက ဒါဟာ သူ့အတွက် မမျှတခဲ့ပါဘူး။ ကစားသမားတိုင်းဟာ တောက်ပတဲ့ အချိန်တွေ မတူညီကြပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM