ကွင်းလယ် အားနည်းတာကို ဝန်ခံခဲ့ပေမယ့် အရှုံးကတော့ တသင်းလုံးနဲ့ပဲ ဆိုင်ပါတယ်လို့ ဆိုလာတဲ့ ဆိုးရှား

မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလေ ဂန်နာ ဆိုးရှား က သူတို့ဟာ မနေ့ ညက လက်စတာ စီးတီး ကို ၄-၂ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ ကစားပုံ မကောင်းခဲ့သလို ကွင်းလယ်ပိုင်း မှာလည်း အသာစီး မရယူ နိုင်ခဲ့တာကို ဝန်ခံ သွားခဲ့ ပါတယ် ။

ဒါပေမယ့် မနေ့ညက ကွင်းလယ် အတွဲ ဖြစ်တဲ့ မာတစ် နဲ့ ပေါ့ဘာ တို့ကို အပြစ်တင်မှု မပြုခဲ့ဘဲ ဒီရှုံးပွဲ ဟာ တသင်းလုံးနဲ့ သက်ဆိုင်သလို ခံစစ် ကစားပုံ အားနည်း ခဲ့တာကိုလည်း ဝန်ခံ ပြောဆို သွားခဲ့ပါတယ် ။

ဒီရှုံးပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ စနေနေ့ည ပွဲစဉ်တွေ အပြီးမှာ အဆင့် ၅ နေရာကို ရောက်သွားခဲ့သလို အဝေးကွင်း ၂၉ ပွဲဆက်တိုက် ရှုံးပွဲ မရှိ မှတ်တမ်းကောင်းဟာလည်း ကင်းပါဝါ မှာ ရပ်တန့် သွားခဲ့ရ ပါတယ် ။

ဆိုးရှား ဟာ ဒီရာသီမှာ ကွင်းလယ် အတွဲ ကို ပုံစံ ၇ မျိုးအထိ ပြောင်းလဲ အသုံးပြုခဲ့ပြီး ဖြစ်ပေမယ့် အခုချိန် အထိ အဆင်မပြေခဲ့ သေးပါဘူး ။

ဆိုးရှား ရဲ့ အမာခံ ကွင်းလယ် ခံစစ်သမား ဖရက်ဒ် ဟာ သောကြာနေ့ မနက်ကမှ ဘရာဇီး အသင်းနဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲ ကစားထားရတာကြောင့် လက်စတာ နဲ့ ပွဲမှာ ဖရက် + တော်မီနေး ကွင်းလယ် ခံစစ် အတွဲ ကို အသုံးမပြုနိုင် ဖြစ်ခဲ့ရ ပါတယ် ။

ဒါဟာ ပြိုင်ဘက် အသင်းရဲ့ ကွင်းလယ် နဲ့ ခံစစ်ကြောင်းကို ဖိအားပေးမှု အပိုင်းမှာ အားလျော့ သွားခဲ့ပြီး ဆိုးရှား ကိုယ်တိုင် ကလည်း ဒီအချက်ကို ဝန်ခံ ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော်တို့ က ပြိုင်ဘက် အသင်းကို ကစားရ လွယ်ကူအောင် လုပ်ပေးခဲ့ သလိုပါပဲ ။ ဖိအားပေးမှု အပိုင်းမှာ ကျွန်တော်တို့ အားနည်းခဲ့ ပါတယ် ။ ဒါပေမယ့် ဒါက နီမန်ဂျာ ( မာတစ် ) နဲ့ ပေါလ် ( ပေါ့ဘာ ) တို့ချည်းကြောင့်တော့ မဟုတ်ပါဘူး ။ ဒီရှုံးပွဲက တသင်းလုံးနဲ့ သက်ဆိုင်တဲ့ ရလဒ်ပါ”

“ကျွန်တော်တို့ ဒီထက်ပိုပြီး ပြင်းပြင်းထန်ထန် ကစားဖို့ လိုပါတယ် ၊ ပိုကျစ်လျစ် ရမယ် ၊ ပြေးတဲ့ အခါမှာလည်း သူ့နေရာနဲ့သူ ရှိနေရပါမယ် ။ ကျွန်တော်တို့ ရဲ့ ကစားပုံက သူတို့ ( လက်စတာ ) ကို နေရာလွတ်တွေ ပိုရသွား စေခဲ့တာတော့ အမှန်ပါပဲ”

“ဒါပေမယ့် ဒီကိစ္စ က ပေါလ် နဲ့ မာတစ် တို့ကြောင့်ပဲ မဟုတ်ပါဘူး ။ ကျွန်တော့ ကွင်းလယ် အကြောင်း ဘရန်ဒွန် ( ရော်ဂျာ ) ပြောတာ ကြားမိပါတယ် ။ သူ အဲ့ဒိလို ထင်ရင်တော့လည်း အဲ့ဒိလိုပဲပေါ့ ၊ ဒါပေမယ့် ကျွန်တော် ကတော့ ဒီရှုံးပွဲ ဟာ ကွင်းလယ်ကြောင့်ချည်း မဟုတ်ဘူးလို့ ယူဆထားပါတယ်”

“ဒုတိယဘောလုံး ( second ball ) တွေမှာ ကျွန်တော်တို့ ကောင်းသင့်သလောက် မကောင်းခဲ့ ကြပါဘူး ၊ ဆိုင်လုကြတဲ့ ဘောလုံးတွေ မှာလည်း ရအောင် မလုနိုင်ခဲ့ဘူး ၊ ဘောလုံးနောက်ကို လိုက်ပြီး ဖိအား မပေး နိုင်ခဲ့ကြပါဘူး ။ အရေးပါတဲ့ နေရာတွေ မှာလည်း ဘောလုံးကို ပြန်ရအောင် လိုက်မဆယ် နိုင်ခဲ့ပါဘူး ။ အရင်က ကျွန်တော်တို့ အဲ့ဒိ အပိုင်းတွေမှာ ကောင်းခဲ့ပါတယ် ။ ဒီနေ့မှာတော့ အားစရရာ မရှိဘူးလို့ပဲ ပြောရမှာပါ ။ ခံစစ် ကစားပုံလည်း မကောင်းတာကို ဝန်ခံ ရမှာပါပဲ” လို့ ဆိုးရှား က ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် ဂန္ထဝင် ကွင်းလယ်လူ ရေးပါလာ ကတော့ ပေါ့ဘာ ရဲ့ ခြေစွမ်း မတည်ငြိမ်မှု ကို ဝေဖန် သွားခဲ့ပြီး ပြင်သစ်သား ရဲ့ စိတ်ထဲမှာ စာချုပ်သစ် ကိစ္စ နဲ့ ဘယ်အသင်းကို ပြောင်းရင်ကောင်းမလဲ ဆိုတဲ့ အတွေးတွေ ရှိကောင်း ရှိနေ နိုင်တယ်လို့ ပြောဆို ဝေဖန် သွားခဲ့ ပါတယ် ။

“ပေါ့ဘာ က သူ ခြေတွေ့တဲ့ နေ့မျိုးဆိုရင် အရမ်း ကြည့်လို့ ကောင်းပါတယ် ။ ဒါပေမယ့် ဒီလို နေ့မျိုးက ရှားတယ်လို့ ဆိုရမှာပါ ။ သူ့အနေနဲ့ ခြေစွမ်း တသတ်မှတ်တည်း ဖြစ်အောင် လုပ်ဖို့ လိုအပ် ပါတယ် ။ သူက ရှေ့ တပတ် တုန်းက ၁၀ မှတ် မှာ ၉ မှတ်တန်လောက် ခြေစွမ်းမျိုး ပြခဲ့ပြီး နောက်တပတ် ကျရင် ၄ မှတ်တန်လောက်ပဲ ဖြစ်ဖြစ် သွားပါတယ် ။ ဘောလုံးမှာ ခြေစွမ်းတသတ်မတ်တည်း ရှိနေဖို့က အရမ်း အရေးကြီးပါတယ်”

“မန်ချက်စတာ ယူနိုက်တက် နဲ့ ပေါ့ဘာ ရဲ့ စာချုပ်က သက်တမ်း မကျန်တော့ ပါဘူး ။ စာချုပ် မချုပ်တော့ဘူး ဆိုရင် ဘယ်သွားမလဲ ဆိုတာ သူ နေ့တိုင်း စဉ်းစားကောင်း စဉ်းစား နေမှာပါ ။ သူက အရည်အသွေးရှိ ပါတယ် ၊ ဘာစီလိုနာ ၊ ရီးရဲ ၊ ယူဗင်တပ် . . . ဘယ်အသင်းကို မဆို သူ သွားလို့ ရပါတယ် ။ ဘိုင်ယန် ရော ၊ ဘာလို့ မဖြစ်နိုင် ရမှာလဲ”

“PSG ကို ပြောင်းရင်သာ ကျွန်တော် မျက်လုံးပြူး သွားရမှာပါ ။ လက်ရှိ PSG ရဲ့ လုပ်ခ လစာက အရမ်းကို ဖောင်းပွ နေပါပြီ ။ အဲ့ဒိလို အခြေအနေမှာ ပေါ့ဘာလို့ တပတ် ပေါင် ၄ သိန်းနီးပါး ပေးရမယ့် ကစားသမားကို သူတို့ ခေါ်ထည့်လိုက်မယ် ဆိုရင် ဒါက စည်းမျဉ်းတွေနဲ့ ကိုက်ညီ နိုင်ပါ့မလား ဆိုတာ စဉ်းစားစရာ ဖြစ်လာမှာပါ” လို့ ရေးပါလာ က ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဖြစ် အီတလီ ကလပ် အတ္တလန်တာ နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး နောက်တပတ် တနင်္ဂနွေမှာတော့ ပုံစံကောင်းတွေရပြီး ဆာလာ ဂိုးမြူးနေတဲ့ လီဗာပူး အသင်းကို အိုးထရက်ဖိုဒ့် မှာ လက်ခံ ကစားရမှာပဲ ဖြစ် ပါတယ် ။

Credit SPORTS MYAMAR