အစ္စရေးရဲ့ လေကြောင်းစီးနင်းတိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၃၄ ဦး သေဆုံးအပြီးမှာ အီဂျစ်ရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ ဂါဇာမှာ ကြာသပတေးနေ့ အစောပိုင်းကစပြီး အပစ်ရပ်ရန် သဘောတူညီမှု ရခဲ့ပါတယ်။
အစ္စရေးရဲ့ အစ္စလာမ္မစ်ဂျီဟတ် တည်နေရာတွေကို ပစ်မှတ်ထားတဲ့ စီးနင်းတိုက်ခိုက်မှုတွေအပြီး နှစ်ရက်တာ ဖြစ်ပွားနေတဲ့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေကို အီဂျစ် ကြားဝင်ဖျန်ဖြေမှုနဲ့ အပစ်ရပ်ထားပြီဟု ပါလက်စတိုင်း အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ PIJ က ပြောပါတယ်။
အစ္စရေးနဲ့ သဘောတူလိုက်တဲ့ အခု အပစ်ရပ်မှုဟာ ကြာသပတေးနေ့ ဒေသစံတော်ချိန် နံနက် ငါးနာရီခွဲကစလို့ အသက်ဝင်တယ်လို့ PIJ ဂျီဟတ်အဖွဲ့ ပြောခွင့်ရသူ မူဆတ်အယ်ဘာရင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က အစ္စရေးရဲ့ ပစ်မှတ်ထား လေကြောင်းစီးနင်းမှုအတွင်း ဂါဇာကမ်းမြောင်က PIJ ဂျီဟတ်အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးတစ်ဦးကို သုတ်သင်လိုက်တာကစပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ၂၄ နာရီ ဖြစ်ပွားခဲ့တာပါ။

အစ္စရေး အဲဒီ လေကြောင်းစီးနင်းမှုကို လက်တုံ့ပြန်ပြီး အကန့်အသတ်မဲ့ တိုက်ခိုက်သွားမယ်လို့ PIJ အဖွဲ့က စစ်ကြေညာရင်း အစ္စရေးဖက်ခြမ်းကို ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးဖက်ကလည်း တန်ပြန်အနေဲ့ လေကြောင်းစီးနင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ နှစ်ရက်တာအတွင်း ဂါဇာဖက်ခြမ်းမှာ ပါလက်စတိုင်း ၃၄ ဦး သေဆုံးခဲ့ရကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဂါဇာဖက်က ဂျီဟတ်အဖွဲ့ရဲ့ အစ္စရေးဖက်ခြမ်းဆီ ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် အစ္စရေးဖက်မှာ ၆၃ ဦး ထိခိုက်ဒဏ်ရာရကြောင်း သိရပါတယ်။
Rf; Aljazeera
မောင်သံဆင့်(XYZ News)