ဆုဖလားများကို စိန်ခေါ်ရန် မန်ယူ၏ခြေစွမ်းမှာ မလုံလောက်ဟု နဗီးလ် ဝေဖန်

ဆိုးရှား၏အသင်းသည် အဓိက ဆုဖလားကြီးများကို စိန်ခေါ်နိုင်ရန်အတွက် လုံလောက်မှုမရှိဟု ဂယ်ရီနဗီးလ်က ပြင်းထန်စွာ ဝေဖန်လိုက်သည်။ စနေနေ့က လက်စတာနှင့်ကစားခဲ့သော ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တွင် မန်ယူသည် ၄-၂ ဖြင့် ရှုံးနိမ့်ခဲ့သည်။

အသင်းသားများအကြား စုစည်းမှု အားနည်းခြင်းကို ထောက်ပြပြီး အတန်အသင့် ခြေစွမ်းကောင်းသော အသင်းများနှင့် တွေ့ဆုံလျှင် မန်ယူမှာ ရုန်းကန်ရလေ့ရှိသည်ဟု နဗီးလ်က ဝေဖန်ခြင်းဖြစ်သည်။ မန်ယူခံစစ်မှူးဟောင်း နဗီးလ်က ပြိုင်ဘက်ကို ဖိအားပေးရာတွင် မန်ယူသည် များစွာအားနည်းကြောင်း ပြောဆိုလိုက်သည်။

နဗီးလ်က “သူတို့ဟာ လုံလောက်တဲ့ခြေစွမ်း မရှိပါဘူး။ အတန်အသင့် ခြေစွမ်းရှိတဲ့အသင်းတွေနဲ့ဆိုရင် မန်ယူက ရုန်းကန်ရလေ့ရှိတယ်။ မန်ယူရဲ့ခြေစွမ်းက ဒီတစ်ရာသီလုံး ဆိုးဝါးပါတယ်။ ကြည့်ရတာလည်း မကောင်းဘူး။

မန်ယူဟာ စုစည်းမှုအားကောင်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရပြီဆိုရင် တစ်စစီဖြစ်သွားတတ်တာက ပုံမှန်လိုဖြစ်ပြီး မနေ့ညကလည်း ဒီလိုပဲဖြစ်သွားတယ်။ မန်ယူက အဲဗာတန်၊ ဗီလာ၊ ဗီလာရီးရဲတို့နဲ့ပွဲတွေမှာလည်း ဖရိုဖရဲဖြစ်ပြီးပြီ။

ဒီနေ့ လက်စတာနဲ့ပွဲမှာလည်း အလားတူဖြစ်သွားတယ်။ ဘောလုံးပိုင်ဆိုင်မှုနဲ့ပတ်သက်ရင်လည်း မန်ယူဟာ လုံလောက်အောင် ထိန်းမထားနိုင်ဘူး။ ပြိုင်ဘက်ကို ဖိအားပေးတဲ့နေရာမှာလည်း ပရီးမီးယားလိဂ် အသင်းကြီးတွေထဲမှာ မန်ယူက အားအနည်းဆုံးပဲ။ ဖိအားကို မပေးနိုင်တာပါ” ဟု နဗီးလ်က ပြောသည်။

ရော်နယ်ဒို ပြန်ရောက်လာခြင်းအပြင် ဆန်ချိုနှင့် ဗာရန်းတို့ကို ခေါ်ယူနိုင်ခဲ့သော်လည်း မန်ယူသည် ပရီးမီးယားလိဂ် ရာသီအစပိုင်းတွင် ရုန်းကန်နေရသည်။ မန်ယူသည် ယန်းဘွိုင်းစ်၊ ဗီလာ၊ ဝက်စ်ဟမ်းနှင့် လက်စတာတို့ကို ရှုံးနိမ့်ခဲ့သည့်အပြင် အဲဗာတန်နှင့် ဆောက်သမ်တန်တို့ကိုလည်း သရေကျခဲ့သည်။

နဗီးလ်က ဆိုးရှား၏ အသင်းရွေးချယ်မှုတွင် ဟန်ချက်မညီကြောင်းလည်း ထောက်ပြခဲ့သည်။ ဥပမာ လက်စတာနှင့်ပွဲတွင် ဆိုးရှားသည် တိုက်စစ်နှင့် ကစားကွက်ပုံဖော်သော ကစားသမား အများအပြားကို ရွေးချယ်ပြီး ခံစစ်သမား လုံလောက်အောင် မပါဝင်ခဲ့ဟု နဗီးလ်က ထောက်ပြသည်။

“ဒီနေ့ ဆိုးရှားရွေးတဲ့အသင်းမှာ (လက်စတာနှင့်ပွဲ) ဂရင်းဝုဒ်၊ ဆန်ချို၊ ရော်နယ်ဒို၊ ပေါ့ဂ်ဘာနဲ့ ဖာနန်ဒက်စ်တို့ ငါးယောက်ပါတယ်။ ဒီအသင်းမှာပါတဲ့ ခံစစ်သမားတွေရဲ့ အခြေအနေကို စဉ်းစားကြည့်ပါ။ ကျွန်တော်သာဆိုရင် ဒီအသင်းရဲ့ ခံစစ်မှူးမဖြစ်ချင်ဘူး” ဟု နဗီးလ်က ပြောသည်။

ဆိုးရှားသည် မန်ယူကို ကိုင်တွယ်သည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး ဆုဖလားဆွတ်ခူးနိုင်ခြင်း မရှိသေးချေ။ ဆိုးရှားအနေဖြင့် ဖိအားများကို စတင်ခံစားနေရပြီဟု ယုံကြည်ကြောင်း နဗီးလ်က ပြောဆိုလိုက်သည်။

“ဒီမန်နေဂျာနဲ့ဆိုရင် ဘာမှလုပ်လို့ ရမယ်မထင်ဘူး။ ပြီးခဲ့တဲ့ ၁၀ နှစ်လောက်အတွင်းမှာ နှိုင်းယှဉ်ကြည့်တော့ မန်ယူက တည်ငြိမ်မှုအချို့ရှိတယ်လို့ ပြောရမှာပါ။ လက်ရှိမှာ တည်ငြိမ်တဲ့ကာလကို ဖြတ်သန်းနေရတယ်လို့ ပြောလို့တော့ ရပါတယ်” ဟု နဗီးလ်က ဆက်လက်ပြောဆိုသည်။

မန်ယူသည် နောက်တစ်ပွဲတွင် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်အဖြစ် အတ္တလန္တာနှင့် အိမ်ကွင်းပွဲစဉ်၊ ထို့နောက် လီဗာပူးနှင့် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်ကို လာမည့်တစ်ပတ်တွင် ကစားရန်ရှိသည်။

ဆိုးရှားက မန်ယူ၏ ကချော်ကချွတ်ကစားဟန်ကို ဝေဖန်လိုက်ပြီး လေးဂိုးပေးခဲ့ရခြင်းကြောင့် လိဂ်ပွဲ ၂၉ ပွဲဆက်တိုက် အဝေးကွင်း ရှုံးပွဲမရှိစံချိန်ကို ထိန်းထားနိုင်ရန် ထိုက်တန်ခြင်းမရှိကြောင်း ပြောဆိုလိုက်သည်။

“ဒီပွဲမှာ ပေးခဲ့ရတဲ့ လေးဂိုးကို ပြန်ကြည့်ရင် သိပ်ဆိုးပါတယ်။ လေးဂိုးလည်း ပေးရပြီး ဒီပုံစံကစားတယ်ဆိုတော့ အဝေးကွင်း ရှုံးပွဲမရှိစံချိန်ကို ထိန်းထားနိုင်ဖို့ မသင့်လျော်ပါဘူး။ အသင်းရဲ့လှုပ်ရှားမှုတွေက လုံလောက်တဲ့ခြေစွမ်းမရှိဘဲ ပုံမှန်ခြေစွမ်းထက် နိမ့်ကျနေတယ်။ ကျွန်တော်တို့ဘက်က ဂရင်းဝုဒ် သွင်းတဲ့ဂိုးက သိပ်ကောင်းပါတယ်။

နောက်ထပ်ဂိုးထပ်ရဖို့ ကြိုးစားနေချိန်မှာ အသင်းရဲ့ကစားပုံမကောင်းလို့ ခံစစ်က ဂိုးပြန်ပေးလိုက်ရတာက စိတ်ပျက်စရာပါ။ ဒုတိယပိုင်းမှာ အပြန်အလှန်ကစားခွင့်ရတယ်ဆိုပေမယ့် ကျွန်တော်တို့က အခွင့်အရေးတွေ ပိုပြီးဖန်တီးနိုင်ပါတယ်” ဟု ဆိုးရှားက ပြောဆိုသည်။

သုံးပတ်လောက် ပွဲမကစားခဲ့ရသည့် မက်ဂွိုင်းယားကို ရွေးချယ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ ဆိုးရှားက “မက်ဂွိုင်းယားက ဒဏ်ရာကြောင့် ဘာမှခံစားရတာ မရှိတော့လို့ ရွေးလိုက်တာပါ။ တစ်ခါတစ်လေလဲ အသင်းမှာ ကစားသမားရွေးရတာက ဆုံးဖြတ်ပြီးတော့ ကံကောင်းပါစေလို့ ဆုတောင်းနေရတယ်။ လေးဂိုးပေးရတာကတော့ သိပ်မကောင်းဘူး။ ကျွန်တော် ဆုံးဖြတ်ချက် နှစ်ခုလောက် မှားယွင်းခဲ့တယ် ထင်ပါတယ်” ဟု ဆိုးရှားက ဆက်လက်ပြောဆိုခဲ့သည်။

မန်ယူအသင်းသည် ယခုကဲ့သို့ ရလဒ်များ ဆိုးဝါးနေသော်လည်း ဆိုးရှားမှာ အလုပ်မှ ထုတ်ပယ်ခြင်း ခံရဖွယ်မရှိဟု သတင်းများက ဖော်ပြသည်။