နော်ဝေနဲ့ ဒေါ့မွန်အသင်းရဲ့ ဂိုးသွင်းစက်လေး နယူးကာဆယ်ကို ရောက်လာနိုင်ဖွယ်ရှိ

ဒေါ့မွန်အသင်းမှ လူငယ်တိုက်စစ်မှူး ဟာလန်းကို ယခုနှစ်ဘောလုံးရာသီအကုန်တွင် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၈ သန်းဖြင့် ခေါ်ယူနိုင်ရေးအတွက် အသင်းကြီးများအကြားတွင် ပြိုင်ဆိုင်မှု ပြင်းထန်လာဖွယ်ရှိသည်။

ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ မန်စီးတီး၊ ချဲလ်ဆီး၊ ပီအက်စ်ဂျီ စသည့် အသင်းအားလုံးသည် နော်ဝေဂိုးသွင်းစက်ကို စိတ်ဝင်စားနေပြီး နယူးကာဆယ်အသင်းကလည်း ယခုအခါ ဟာလန်းကို ခေါ်ယူလိုသော အသင်းများတွင် ပါဝင်လာပြီဖြစ်သည်။

ဟာလန်းသည် ပြီးခဲ့သောဘောလုံးရာသီတွင် ဒေါ့မွန်အတွက် ၄၁ ပွဲကစားပြီး ၄၁ ဂိုးသွင်းယူနိုင်သလို ယခုနှစ်ဘောလုံးရာသီတွင်လည်း ၁၃ ဂိုးသွင်းယူထားသည်။

နယူးကာဆယ်သည် ဟာလန်းကိုခေါ်ယူရေးတွင် နောက်ဆုံးပါဝင်လာသော အသင်းဖြစ်သည်ဟု အေအက်စ်သတင်းစာက ဖော်ပြသည်။ ရီးရဲမက်ဒရစ်သည် ယခင်က ဟာလန်းကို ခေါ်ယူရေးတွင် ရေပန်းစားနေသော်လည်း ယခုအခါ မန်စီးတီး၊ ပီအက်စ်ဂျီနှင့် နယူးကာဆယ်တို့ကလည်း ၎င်းကိုခေါ်ယူရန် အခွင့်အရေးရှိနေကြောင်း သတင်းများက ဖော်ပြသည်။

နယူးကာဆယ်အသင်းကို ဆော်ဒီအခြေစိုက်လုပ်ငန်းစုတစ်ခုက အသင်း၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူပြီးနောက် နယူးကာဆယ်သည် ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းဖြစ်လာခဲ့သည်။ နယူးကာဆယ်ကို မန်စီးတီး၊ ပီအက်စ်ဂျီကဲ့သို့ ချန်ပီယံလိဂ်နှင့် ပြည်တွင်းအမှတ်ပေး ချန်ပီယံဆုများကို စိန်ခေါ်နိုင်သော အသင်းအဖြစ် တည်ဆောက်ရန် ပိုင်ရှင်သစ်များက လိုလားသည်။

ထို့ကြောင့် နယူးကာဆယ်သည် ဇန်နဝါရီအပြောင်းအရွှေ့မှစတင်ကာ ငွေအမြောက်အများသုံးစွဲ၍ ကစားသမားသစ်များကို ခေါ်ယူသွားရန် စီစဉ်နေပြီး ဟာလန်းကဲ့သို့ ကမ္ဘာပေါ်တွင် အလိုရှိခြင်းအခံရဆုံး တိုက်စစ်မှူးမှာ နယူးကာဆယ်သို့မရောက်ဟု ပြော၍မရကြောင်း မီဒီယာများက ဖော်ပြသည်။