ယူနိုက်တက်အတွက် အသင့်တော်ဆုံးနည်းပြကို မှတ်ချက်ပေးလိုက်တဲ့ ဂယ်ရီနဗီးလ်

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားဟောင်း ဖြစ်သူ၊ လက်ရှိ SkySports ရဲ့ အားကစား အစီစဉ် တင်ဆက်သူ ဂယ်ရီနဗီးလ် ကတော့ လက်ရှိ ယူနိုက်တက်အသင်းအတွက် နည်းပြသစ် အကြောင်းကို မှတ်ချက်ပေး ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ လက်စတာအသင်းကို (၄-၂)ဆိုတဲ့ ရလဒ်နဲ့အတူ ခြေစွမ်းပိုင်း လိုအပ်ချက်ပေါင်းများစွာနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ ရပါတယ်။ ဒီပွဲစဉ် အပြီးမှာတော့ နည်းပြဖြစ်သူ ဆိုးလ်ရှားအပေါ် ဝေဖန်မှုတွေ မြင့်တက်လာ ခဲ့ပါတယ်။

လက်စတာကို အရှက်တကွဲ ခြေစွမ်းဖြင့် ရှုံးနိမ့်ပြီး နောက်မှာ ယူနိုက်တက်တို့ အနေနဲ့ အဝေးကွင်း(၂၉) ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်သွား စေခဲ့သလို၊ ပရီးမီးယားလိဂ် နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံး နေခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားမှာ အဆင့်(၆)အထိ ဆင်းပေးခဲ့ ရပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒို၊ ဆန်ချို၊ ပေါ့ဂ်ဘာ၊ ဘရူနို၊ ရက်ရှ်ဖို့ဒ် တို့လို ကမ္ဘာ့အဆင့် ကစားသမားတွေ ပိုင်ဆိုင်ထားပေမယ့်၊ ရလဒ်ပိုင်း ဆိုးရွားနေမှုတွေကြောင့် ဆိုးလ်ရှားရဲ့ လက်ရှိ နည်းပြရာထူးဟာ တည်ညိမ်မှု မရှိတော့ဘူးဆိုတဲ့ မှတ်ချက်ပေးမှုတွေ တောက်လျှောက် ပေါ်ထွက်လာ ခဲ့ပါတယ်။

ဒါ့အပြင် ဆိုးလ်ရှားရဲ့ နေရာမှာ အစားထိုး ခန့်အပ်ဖို့အတွက် လက်ရှိ အသင်းလက်မဲ့ဖြစ်နေတဲ့ အင်တာမီလန် နည်းပြဟောင်းဖြစ်သူ အန်တိုနီယို ကွန်တီသာလျှင် အသင့်တော်ဆုံးဖြစ်မယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်လာခဲ့သလို၊ ယူနိုက်တက်ဘက်ကလည်း မျက်စိကျနေတယ်လို့ သိရပါတယ်။

၎င်းကဲ့သို့ ယူနိုက်တက် အသင်းအနေနဲ့ ကွန်တီကို နည်းပြခန့်သင့်လား ဆိုတာနဲ့ ပတ်သက်ပြီး ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီနဗီးလ် ကတော့ “ကျွန်တော်တို့ဟာ လက်စတာနဲ့ပွဲမှာ ဆန်ချို၊ ဂရင်းဝုဒ်၊ မားကပ်၊ ရော်နယ်လ်ဒို၊ ပေါ့ဂ်ဘာ၊ ဘရူနို တို့ကို အတူတွဲမြင် ခဲ့ရပါတယ်။ ”

“တကယ်လို့ ကျွန်တော်သာဆိုရင်လည်း သူတို့ထဲက (၅)ယောက်လောက်ပါနေတဲ့ အသင်းမှာ နောက်ခံလူတစ်ယောက်အဖြစ်နဲ့ ကစားချင်မှာ မဟုတ်ဘူးဗျ။ အကြောင်းကတော့ သူတို့အားလုံးဟာ တိုက်စစ်ကိုပဲ ဦးတည်နေကြတဲ့လူတွေ၊ သူတို့ခြေထောက်ထဲ ဘောလုံးရောက်နေချိန် တစ်ခုပဲ တစ်ခုခုလုပ်ပြတတ်တဲ့လူတွေလေ။”

“ ဘောလုံးကို ပြန်လုယူဖို့ဆိုရင် တုန့်ဆိုင်းနေကြတာတွေကြီးပဲ။ သူတို့အားလုံးကို ဘောလုံးကစားသမား တစ်ယောက်ချင်းဆီအနေနဲ့ ချစ်ပါတယ်။ ဒါပေမယ့် အသင်းတစ်သင်းတည်းမှာ တစုတစည်းထဲ ရှိနေချိန်မှာတော့ ထိရောက်တဲ့ စွမ်းဆောင်မှုမျိုးတွေ သူတို့ မလုပ်နိုင်ကြဘူးဗျ။ အတော်ဆိုးပါတယ်။”

“ ယူနိုက်တက်အနေနဲ့ လတ်တလော အနေအထားတွေအရ ဆိုးလ်ရှားရဲ့ စွမ်းဆောင်မှုကို အနည်းငယ် စောင့်ကြည့်ဖို့တော့ လိုပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေက စွမ်းဆောင်ရည်တွေထက်စာရင် အခုအခြေအနေဟာ အခြေအနေကောင်းတစ်ခုလို့တောင် ပြောလို့ရပါသေးတယ်။

“ အခုအချိန်မှာ နည်းပြအပြောင်းအလဲ ပြုလုပ်ဖို့က စောနေပါသေးတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ထိပ်တန်းကစားသမားတွေ ပိုင်ဆိုင်ထားသူအနေနဲ့ အကောင်းဆုံးလုပ်ပြနိုင်ဖို့တော့ လိုအပ်တာပေါ့လေ။”ဟု မှတ်ချက်ပေးခဲ့ပါတယ်။

Credit Original uploadeder