ပွဲအပြီးမှာ ကလော့ကို လက်ဆွဲမနှုတ်ဆက်ခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ဆီမွန်နီ နဲ့ ဒီအပြုအမူအပေါ် မှတ်ချက်ပေးလိုက်တဲ့ ကလော့

ယနေ့မနက်က လီဗာပူးတို့ အက်သလက်တီကို မက်ဒရစ်ကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ ဒီယေဂိုဆီမွန်နီဟာ ယာဂန်ကလော့ကို လက်ဆွဲနှုတ်ဆက်ခဲ့ခြင်း မရှိတဲ့ သူ့ရဲ့ အပြုအမူကို ကာကွယ် ပြောဆိုသွားခဲ့ပြီး ဒါဟာ နိုင်တဲ့သူအတွက်ကော ရှုံးတဲ့သူ အတွက်ပါ ကောင်းမွန်တဲ့ အခြေအနေ မဟုတ်တာကြောင့် ဒီလို လုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

Wand Metropolitano မှာ ဒရမ်မာဆန်တဲ့ည တစ်ည ဖြစ်ခဲ့ပြီး အန်တွိုင်ဂရစ်မန်း အနီကတ် ပြသခံခဲ့ရပြီးနောက် လီဗာပူးဟာ မိုဟာမက်ဆာလားရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးဟာ ပွဲအစ ၁၃ မိနစ်အတွင်း မီနာ ကီတာ တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ခံစစ်ကစားပုံ ညံ့ဖျင်းမှုကြောင့် ဂရစ်မန်းက အက်သလက်တီကို အတွက် ချေပဂိုး ၂ ဂိုး ပြန်လည် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အက်သလက်တီကိုဟာ high line ကစားတဲ့ လီဗာပူးကို တန်ပြန်တိုက်စစ်တွေ ကနေ အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့ပေမယ့်လည်း ဂရစ်မန်း အနီကတ်နဲ့ ထုတ်ပယ်ခံရခြင်းဟာ ပွဲကို အလှည့်အပြောင်း ဖြစ်သွားစေခဲ့ပြီး လီဗာပူးတို့ ၃-၂ ဖြစ်သွားချိန်မှာ အက်သလက်တီကို တို့ ကနဦးမှာ ပင်နယ်တီ ရခဲ့ပေမယ့်လည်း ဒိုင်လူကြီးက ကွင်းထဲက မော်နီတာ ကနေ ဒီအဖြစ်အပျက်ကို ပြန်ကြည့်ကာ ပင်နယ်တီကို အငြင်းပွားဖွယ် ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။

ဆီမွန်နီဟာ ဒီအဖြစ်အပျက်တွေ အပေါ် အတော် ဒေါသထွက်နေဟန် ရှိနေပြီး ပွဲအပြီးမှာ ထုံးစံအတိုင်း ပြိုင်ဘက် နည်းပြနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ခြင်း မရှိဘဲ ဥမင်ထဲကို တန်းဝင်သွားခဲ့ပါတယ်။ ကလော့ ကလည်း သူနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ခြင်း မရှိဘဲ ဥမင်ထဲ ပြေးဝင်သွားခဲ့တဲ့ ဆီမွန်နီရဲ့ အပြုအမူ အပေါ် ဒေါသထွက်နေဟန် ရှိခဲ့ပါတယ်။

သူ့ရဲ့ အပြုအမူနဲ့ ပက်သက်ပြီး ဆီမွန်နီက “ပွဲအပြီးမှာ ကျွန်တော် ပြိုင်ဘက် မန်နေဂျာတွေနဲ့ အမြဲတမ်း လက်ဆွဲ နှုတ်ဆက်လေ့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒါကို မနှစ်သက်လို့ပါ။

နိုင်တဲ့သူ အတွက်ကော ရှုံးတဲ့သူ အတွက်ကော ဒါဟာ အဆင်ပြေတဲ့ အခြေအနေ မဟုတ်ပါဘူး။ ကျွန်တော် ကတော့ ဒီလိုပဲ တွေးပါတယ်။ ဒါပေမယ့် အခု ကျွန်တော် သူနဲ့ အပြင်မှာ ဆုံတဲ့ အခါ ဘာပြသနာမှ မရှိဘဲ သူ့ကို နှုတ်ဆက် သွားမှာပါ။

ဆက်လက်ပြီး အာဂျင်တီးနား နည်းပြက “လီဗာပူးနဲ့ ရင်ဆိုင်ရတာ ခက်ခဲပါတယ်။ သူတို့ဟာ များသော အားဖြင့် သွင်းဂိုးတွေ အများကြီးနဲ့ အနိုင်ရလေ့ ရှိတဲ့ အသင်းပါ။

ကျွန်တော်တို့ လိုချင်တဲ့အတိုင်း ပွဲကို မစတင်နိုင်ခဲ့ပါဘူး။ ဒုတိယဂိုး ပေးခဲ့ရပြီးနောက် ကျွန်တော်တို့ လိုချင်တဲ့ အတိုင်း ပွဲကို ပြန်စနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဦးဆောင်ဂိုး ရနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပါတယ်။ ကျွန်တော်တို့ ဒုတိယပိုင်းမှာလည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ အလီဆွန်ဟာ ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်ပေးသွားခဲ့ပါတယ်။

ကျွန်တော်တို့ လူတစ်ယောက် လျော့သွားအပြီးမှာလည်း အသင်းရဲ့ တုန့်ပြန်မှု ကောင်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ပင်နယ်တီ ရသွားခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ကလော့ဟာ ဆီမွန်နီရဲ့ အပြုအမူနဲ့ ပက်သက်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေပေမယ့်လည်း ဒီပွဲရဲ့ အရေးပါမှုကနေ ထွက်ပေါ်လာတဲ့ စိတ်ခံစားချက်ကြောင့် ဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

ကလော့က “အခြေအနေက ရှင်းပါတယ်။ ကျွန်တော် သူ့ကို လက်ဆွဲ နှုတ်ဆက်ချင်ခဲ့ပါတယ်။ သူက ဒီလို လုပ်ဖို့ အလိုမရှိခဲ့ပါဘူး။ သူ့ရဲ့ တုန့်ပြန်မှုဟာ မှန်ကန်မှု မရှိတာတော့ သေချာပါတယ်။ ကျွန်တော့်ဘက်ကလည်း သိပ်အကောင်းကြီးတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ စိတ်ခံစားချက်တွေ မြင့်မား နေကြပါတယ်။ ဒါ့ကြောင့် နောက်တစ်ကြိမ် ကျွန်တော်တို့ တွေ့ဆုံဖြစ်မယ် ဆိုရင် သေချာပေါက် လက်ဆွဲနှုတ်ဆက် သွားမှာပါ။

ကျွန်တော်တို့ ကြားမှာ ဘာပြသနာမှ မရှိပါဘူး။ သူဟာ ကျွန်တော့်ကို ဒေါသထွက်နေတာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူဟာ ပွဲအတွင်း ဆုံးဖြတ်ချက်တွေ အပေါ် မကျေမနပ် ဖြစ်နေတာ နေမှာပါ။ အခြား ဘာပြသနာမှ မရှိပါဘူး။” လို့ ပြောသွားပါတယ်။

Credit SM