ဂန်းနားတို့ ခြေစွမ်းကောင်းတွေ ပြသခဲ့တဲ့ အာဆင်နယ် ၃-၁ အက်စတွန်ဗီလာ ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာများ

ပရီးမီးယားလိဂ် ပွဲစဉ် (၉) ရဲ့ အစောဆုံး ပွဲတစ်ပွဲ ဖြစ်တဲ့ အာဆင်နယ် အသင်း နဲ့ အက်စတွန်ဗီလာ ပွဲကတော့ ၃-၁ ဆိုတဲ့ ရလဒ် နဲ့ ပွဲပြီးဆုံး သွားခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ အက်စတွန်ဗီလာ နဲ့ ပွဲမှာ ဒဏ်ရာ ရနေတဲ့ တီယာနေး နေရာမှာ တာဗာရက်စ် နဲ့ တိုက်စစ်မှူး လာကာဇက် ကို ပြန်လည် ပွဲထွက် အသုံးပြု ခဲ့တာကလွဲလို့ ကစားနေကြ လူစာရင်း အတိုင်းပဲ ပွဲထွက် လာခဲ့တာပါ ။

အက်စတွန်ဗီလာ နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ အားရဖို့ ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသ ခဲ့ပြီး ပထမအပိုင်းပြီးမှာတင် ပါတေး ၊ အော်ဘာမီယန်း တို့ရဲ့ ဂိုးတွေနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာ စမစ်ရို က အာဆင်နယ် အတွက် ဂိုးထပ် သွင်းပေးခဲ့ပြီး ဗီလာ အတွက် ချေပဂိုးကိုတော့ လူငယ် ကစားသမား ဂျာကောဘ့် ရမ်ဆေး က သွင်းယူ ပေးခဲ့တာပါ ။

ဒီနေ့ နိုင်ပွဲကြောင့် အာဆင်နယ် အသင်းဟာ အမှတ်ပေး ဇယား အဆင့် ၉ နေရာကို ယာယီ တက်လှမ်း လာခဲ့ပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားထားနိုင်ပါတယ် ။

အာဆင်နယ် ၃-၁ အက်စတွန်ဗီလာ ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာများကတော့

၁ ။ အာဆင်နယ် ကစားသမား ဘဝ ပထမဆုံးဂိုးရသွားတဲ့ ပါတေး

နိုင်ငံ လက်ရွေးစင် အသင်းမှာ ဂိုးတွေ သွင်းနေတာကြောင့် ပရိသတ်တွေက ပါတေး တစ်ယောက် အာဆင်နယ်မှာ ဂိုးရဖို့ နီးစပ်နေပြီလို့ အရင် အပတ်ကတည်းက ခန့်မှန်း နေကြတာပါ ။ ဒီတစ်ပတ်မှာတော့ ပရိသတ်တွေရဲ့ခန့်မှန်းမှုက တကယ် ဖြစ်လာခဲ့ပါပြီ ၊ ဂိုးဧရိယာအပြင်ဘက်ကနေ အဝေးကန်ချက်နဲ့ ဂိုးသွင်းဖို့ မကြာခဏ ကြိုးစားတတ်တဲ့ ပါတေး ဟာ ဂိုးရမယ့် ရတော့လည်း ခေါင်းတိုက်ဘောကနေ ရရှိ သွားခဲ့ပါတယ် ။

ပါတေး ဟာ Quincy Owusu-Abeyie ပြီးနောက် အာဆင်နယ် အတွက် ဂိုးသွင်းနိုင်တဲ့ ဒုတိယ ဂါနာ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် သမိုင်းမှာ အာဖရိက ကစားသမားတွေဆီကနေ သွင်းဂိုး ၂၁၈ ဂိုး အထိ ရထားပြီး တခြား အသင်းတွေ အားလုံးထက် သာလွန် နေပါတယ် ။

၂ ။ MOTM ဆုရှင် စမစ်ရို

အာဆင်နယ် အသင်းရဲ့ နံပါတ် ၁၀ ပိုင်ရှင် စမစ်ရို ဟာ အက်စတွန်ဗီလာ နဲ့ ပွဲမှာ ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီး ၊ အောင်မြင်တဲ့ ပေးပို့မှု ၄၅ ကြိမ် (အများဆုံး) ၊ အခွင့်အရေး ဖန်တီးနိုင်မှု ၅ ကြိမ်(အများဆုံး) ၊ ရာနှုန်းပြည့် ဂိုးပေါက်တည့်မတ်မှု ဘောလုံးဖျက်ထုတ်မှု လိမ်ခေါက် ကျော်ဖြတ်နိုင်မှုတွေကို လုပ်နိုင်ခဲ့ပါတယ် ။

ကာရေဂါ ကတော့ ပွဲအပြီးမှာ စမစ်ရို ဟာ ပရီးမီးယားလိဂ်မှာ ဘောလုံး နဲ့ အတူ ပြေးနိုင်တဲ့ အကောင်းဆုံး ကစားသမားလို့ ချီးကျူး သွားခဲ့ပါတယ် ။ စမစ်ရို ဟာ ဒီရာသီ အာဆင်နယ် အသင်း အိမ်ကွင်း နောက်ဆုံး ၄ ပွဲမှာ သွင်းဂိုး ၃ ဂိုး ၊ ဂိုးဖန်တီးမှု ၂ ကြိမ် အထိ ပြုလုပ် ထားနိုင်ပါတယ် ။

၃ ။ ရမ်စ်ဒဲလ် Vs မာတီနက်ဇ်

မာတီနက်ဇ် ကို ရောင်းထုတ်ပြီး ရမ်စ်ဒဲလ် ကို ပြန်ဝယ်လိုက်တာဟာ အတော်လေးကို ဝေဖန် ခံခဲ့ရတဲ့ အပြောင်းအရွှေ့တစ်ခုပါ ။ မာတီနက်ဇ် ဟာလည်း သူ့ကို ပွဲထွက်ခွင့် အာမခံချက် မပေးဘဲ ရောင်းထုတ်လိုက်တဲ့ အပေါ် အာဆင်နယ် အသင်းကို ခုချိန်ထိ မကျေနပ်သေးပုံပါပဲ ။ ဒီနေ့ပွဲမှာ မာတီနက်ဇ် ဟာ အသင်းဟောင်း အာဆင်နယ် ကို အနိုင်ယူဖို့ ကြိုးစား ကစားခဲ့ပေမယ့် ပါတေး ၊ အော်ဘာ နဲ့ စမစ်ရို တို့ရဲ့ ဂိုးတွေကိုတော့ မကာကွယ် နိုင်ခဲ့ပါဘူး ။

တစ်ဖက်မှာတော့ အာဆင်နယ် အသင်းရဲ့ ဂိုးသမား ရမ်စ်ဒဲလ် ဟာ ဂျာကော့ဘ်ရမ်ဆေးကြောင့် clean-sheet နဲ့ ဝေးကွာ ခဲ့ရပေမယ့် ကောင်းမွန်တဲ့ ကာကွယ်မှုတွေ လုပ်နိုင် ခဲ့ပါတယ် ။ ပွဲချိန် အတွင်းမှာ အာဆင်နယ် ပရိသတ်တွေဟာ ရမ်စ်ဒဲလ် ဟာ မာတီနက်ဇ် ထက် ပိုကောင်းသူ ဖြစ်ကြောင်း အော်ဟစ် သီဆို ခဲ့ကြပါသေးတယ် ။

၄ ။ အော်ဘာ – လာကာ အတွဲအဖက်

ဒီနေ့ပွဲမှာ အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံး အကြိမ် အော်ဘာမီယန်း နဲ့ လာကာဇက် ကို အတူ ပွဲထုတ် လာခဲ့ပြီး တွဲဖက် အသုံးပြု ခဲ့ပါတယ် ။ အာတီတာ ရဲ့ လူထုတ်မှု မှန်ကန်တယ်လို့ ဆိုရမှာ ဖြစ်ပြီး အော်ဘာ-လာကာ တိုက်စစ်ဟာ ပြိုင်ဘက်ကို အခက်တွေ့အောင် လုပ်နိုင် ခဲ့ပါတယ် ။

လာကာ ကြောင့် ရတဲ့ ပင်နယ်တီ ကနေ အော်ဘာမီယန်း ဂိုးသွင်းနိုင်ခဲ့ပြီး ( ပင်နယ်တီကို ဂိုးသမား ပုတ်ထုတ်ခဲ့ပေမယ့် အော်ဘာ ကပဲ ထပ်ဆင့် ပိတ်သွင်းခဲ့တာပါ ) ၊ စမစ်ရို ရဲ့ သွင်းဂိုးကိုလည်း အော်ဘာ က လှလှပပ ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။ ဒီနေ့ပွဲမှာ အော်ဘာ နဲ့ လာကာ တို့ရဲ့ လက်ဆွဲနှုတ်ဆက် အောင်ပွဲခံပုံကိုလည်း ပြန်မြင်တွေ့ခွင့် ရခဲ့ပါတယ် ။

၅ ။ တီယာနေး နေရာ အကောင်းဆုံး အစားဝင်နိုင်ခဲ့တဲ့ တာဗာရက်စ်

တာဗာရက်စ် ရဲ့ ဗီလာနဲ့ ပွဲက ခြေစွမ်းကို ကြည့်ပြီး တီယာနေး တစ်ယောက် မျက်ခုံးလှုပ်နေလောက်ပါပြီ ။ နူနို ဟာ ဒီနေ့ပွဲမှာ တခြား ကစားသမားတွေ အားလုံးထက် ပိုပြေးလွှား ကစားခဲ့ပြီး ၁၁.၇၃ ကီလိုမီတာ အထိ ပြေးလွှား ကစားခဲ့ပါတယ် ။

နူနို ဟာ ဘယ်ခြေနဲ့ ဘောလုံး ဖြတ်တင်ပေးပို့ နိုင်သလို ညာခြေနဲ့လည်း ဂိုးကန်သွင်းနိုင်သူ ဖြစ်ပြီး သူ့ရဲ့အလိမ်အခေါက် ၊ မြန်နှုန်း လုပ်အားနှုန်းက အထင်ကြီးစရာပါပဲ ။ ဗီလာ နဲ့ ပွဲမှာ ဘန်ဝှိုက် ၊ လိုကွန်ဂါ ၊ တိုမီယာစု တို့ဟာလည်း ပုံစံကောင်းတွေ အသီးသီး ပြသ နိုင်ခဲ့ကြပါတယ် ။