အာဆင်နယ်မှာ ဗန်ပါစီနဲ့နာဆရီတို့သာ သူနဲ့အဆင့်တူခဲ့တယ်လို့ ဖာဘရီဂတ်စ်ဖွင့်ဟ

စပိန်ကွင်းလယ်ဖန်တီးရှင်ဟာ အာဆင်နယ်ရဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးအသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်တဲ့ ဖာဘရီဂတ်စ်က အသင်းခေါင်းဆောင်အဖြစ် သူတာဝန်ယူခဲ့ရတဲ့အချိန်မှာ သူနဲ့အဆင့်တူတဲ့ ကစားသမားအဖြစ် ဗန်ပါစီနဲ့ နာဆရီတို့နှစ်ဦးတည်းသာ ရှိခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ စပိန်ကွင်းလယ်ဖန်တီးရှင်ဟာ အာဆင်နယ်ရဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးအသင်းခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့သူလည်းဖြစ်ပါတယ်။

အသက် ၂၁နှစ်အရွယ်မှာပဲ ဖာဘရီဂတ်စ်က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာဖြစ်ပြီး သူ့အတွက်ကြီး ကြီးမားတဲ့တာဝန်တွေကြောင့် ဖိအားတွေအများကြီးရှိခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။ ဖာဘရီဂတ်စ်အသင်းမှာ ရှိနေချိန်တွေမှာ အာဆင်နယ်က ထိပ်ဆုံးလေးသင်းနေရာကိုအမြဲတမ်းရယူနိုင်ခဲ့ပေမယ့်လည်း အမှတ်ပေးဖလားနဲ့ အလှမ်းကွာနေခဲ့လို့ ဝေဖန်ခံရမှုတွေရှိခဲ့ပါတယ်။

လက်ရှိမှာ အသက် ၃၂နှစ်အရွယ်ရှိနေပြီဖြစ်ပြီး မိုနာကိုမှာကစားနေတဲ့ ဖာဘရီဂတ်စ်က အသင်းအရေးနိမ့်ချိန်တွေမှာ စိတ်ပျက်ခဲ့ရပြီး အသင်းဖော်တချို့က သူ့ရဲ့အဆင့်အတန်းမျိုးမှာ ရှိမနေဘူးဆိုတာကို သတိပြုမိခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ “ကျွန်တော်အသင်းခေါင်းဆောင်ဖြစ်ခဲ့တုန်းက ဖိအားတွေအများကြီးရှိခဲ့တယ်လို့ ခံစားခဲ့ရပါတယ်”

“အသင်းကိုအောင်မြင်မှုရအောင် ဦးဆောင်နေခဲ့ရပြီး ကျွန်တော်အားလုံးကို ပေးဆပ်ခဲ့ပါတယ်၊ တစ်ခါတစ်လေမှာ အသင်းအရေးနိမ့်လို့ အိမ်ပြန်ချိန်တိုင်း ငိုကြွေးနေခဲ့ရပါတယ်၊ အိပ်မပျော်ခဲ့တဲ့ ညတွေလည်းရှိခဲ့ပြီး ဖျက်စီးခံနေခဲ့ရသလိုပါပဲ၊ တချို့ကစားသမားတွေက ရယ်မောနေကြပြီး ဘယ်ကိုသွားရမလဲဆိုတာကို စဉ်းစားနေခဲ့ကြတာပါ”

“နောက်ဆုံး ၂နှစ် ဒါမှမဟုတ် ၃နှစ်အတွင်းမှာဆိုရင် ဗန်ပါစီနဲ့ နာဆရီတို့ကပဲ ကျွန်တော့်လိုအဆင့်အတန်းမျိုးရှိတဲ့ ကစားသမားတွေလို့ပဲ ခံစားခဲ့ရပါတယ်၊ မာနထောင်လွှားပြီးပြောတာမဟုတ်ပါဘူး၊ အဲဒီတုန်းက ကျွန်တော့်ခံစားချက်တွေပါ၊ စိတ်ပိုင်းဆိုင်ရာအရရော၊ နည်းစနစ်ပိုင်းအရပါ ကျွန်တော့်လိုအဆင့်အတန်းမျိုးရှိတဲ့ ကစားသမားတွေပါ” လို့ ဖာဘရီဂတ်စ်က Arsenalblog ကို ပြောဆိုသွားခဲ့ပါတယ်။

၂၀၁၁ မှာတော့ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်ကနေ အသင်းဟောင်းဘာစီလိုနာကို ပေါင် ၃၅ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။ “ကျွန်တော့်ခေါင်းထဲမှာ အကြောင်းအရာတွေအများကြီး ဝင်ခဲ့ပါတယ်၊ စိတ်ဓာတ်ပိုင်းရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကျဆင်းခဲ့ပြီး အသင်းတချို့က ကျွန်တော့်ကိုခေါ်ယူချင်တယ်ဆိုတာကိုလည်းသိခဲ့ပါတယ်၊ အသင်းဖော်တချို့ရဲ့လုပ်ရပ်တွေက ကျွန်တော်တစ်ခုခုလုပ်မှဖြစ်မယ်ဆိုတဲ့အသိကိုဖြစ်စေခဲ့ပါတယ်” လို့လည်း သူက ထပ်ပြောသွားခဲ့ပါတယ်။